Pages

Thursday, January 31, 2013

အားကောင်းသည့် ပုံရိပ်ဖမ်းစနစ်ပါ မောင်းသူမဲ့လေယာဉ်များ အမေရိကန်အသုံးပြု

အမေရိကန် စစ်ဘက်သည် အလွန် အားကောင်းသည့် ပုံရိပ်ဖမ်းယူစနစ် ပါဝင်သော မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို အသုံးပြုနေကြောင်း သိရှိရသည်။ ARGUS-IS အမျိုးအစား လေယာဉ်သည် အမြင့် ပေပေါင်း (၁၇၅၀၀)တွင် ပျံဝဲနေရင်း မြေပြင်ပေါ်တွင် လူတစ်ဦး ကိုင်ဆောင်ထားသည့် ဖုန်းကို မည်သည့် အမျိုးအစားဖြစ်ကြောင်း ထောက်လှမ်းနိုင်သည်။ ၎င်းတွင် တပ်ဆင်ထားသော ကင်မရာ၏ ချဲ့အားမှာ အလွန်ကောင်းမွန်သဖြင့် မြေပေါ်ရှိ (၆)လက်အရွယ် ပစ္စည်းတစ်ခုကို တိတိကျကျ အမျိုးအစားခွဲ သိရှိနိုင်ကြောင်း သိရသည်။






BAEက တီထွင်သော အဆိုပါ လေယာဉ်သည် (၁၅) စတုရန်းမီတာ ကျယ်ဝန်းသော မြို့တစ်မြို့ကို ခြုံငုံ စောင့်ကြည့်နေပြီး လိုအပ်သော အပိုင်းကို ချက်ချင်း အနုစိတ် ပုံကြီးချဲ့ ကြည့်ရှုနိုင်သည်။ ARGUS-ISတွင် တပ်ဆင်ထားသော ကင်မရာ၏ megapixel အရည်အသွေးမှာ (၁၈၀၀)ထိ ရှိသည်။ ယင်းသည် iPhoneတွင် ပါရှိသော ကင်မရာ၏ အာရုံခံ စနစ်ထက် (၂၂၅)ဆ ပိုမိုသာလွန်သည့် သဘောလည်း ဖြစ်သည်။ BAE၏ ပညာရှင်များသည် ARGUS-ISကို ပင်တဂွန် စစ်ဌာနချုပ်၏ ခေတ်မီ သုတေသန ပရောဂျက် အေဂျင်စီ (Darpa)၏ ဒေါ်လာ (၁၈.၅)သန်းတန် စီမံကိန်းအတွက် တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။




ဂရိရှေးဟောင်း ကိုးကွယ် ယုံကြည်မှုတွင် Argus Panoptesသည် အရာရာကို သိမြင် စောင့်ကြည့်နိုင်သည့် မျက်လုံး(၁၀၀)ပါ နတ်ဘီလူးဖြစ်ပြီး ယင်း၏ အမည်ကို အစွဲပြုကာ ယခု ထောက်လှမ်းရေး လေယာဉ်ကို မှည့်ခေါ်ခဲ့သည်။ လေယာဉ်တွင် တပ်ဆင်ထားသော ကင်မရာသည် အရည်အသွေးမြင့် ဗီဒီယိုများကိုလည်း မှတ်တမ်းတင် ရိုက်ကူးနိုင်ပြီး တစ်စက္ကန့်လျှင် Frame (၁၅)ခုစာ ကူးယူ မှတ်သားနိုင်မည် ဖြစ်သည်။ အဆိုပါ ထောက်လှမ်းရေး နည်းပညာကို (၂၀၀၇)ခုနှစ် ကတည်းက စတင် ဖော်ဆောင်လာသော်လည်း ယနေ့အချိန်တွင် ပိုမိုခေတ်မီ တွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်းလည်း ဖြစ်သည်။

Source: DailyMail

No comments:

Post a Comment